မြိတ် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေသည့် စီမံကိန်းကျေးရွာ(၃)ရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၃၀) အချိန်က မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။
ယခုကဲ့သို့ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ(၃)ရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ရခြင်းသည် One Region One Product (OROP) ကို ရည်ရွယ်၍ ဒေသတစ်ခုတွင် ထုတ်ကုန်တစ်ခု ထွက်ရှိစေရန် ရည်ရွယ်၍ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်ပမှ ဝယ်ယူရသော ပစ္စည်းများအစား ပြည်တွင်းထုတ်ကုန်ကိုသာ သုံးစွဲခြင်းဖြင့် ဒေသထုတ်ကုန်ကို သုံးစွဲလာစေရန် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းမှ အများသို့ ပူးပေါင်းဆောင်ရွက်လာစေရန်နှင့် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများအပြင် စက်ပစ္စည်းများကိုပါ ထောက်ပံ့ပေးခြင်းအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဈေးကွက်ရှာဖွေရေးကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြားပြီး မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသည့် ကလင်ဘန်းကျေးရွာ၊ အထူးဆိပ်ကျေးရွာ၊ ဝန်ဖို့ကျေးရွာတို့အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား ချီးမြှင့်ပေးအပ်ခဲ့ရာ ကလင်ဘန်းကျေးရွာတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း (၂) ကြိမ်၊ အထူးဆိပ်ကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်း(၂)ကြိမ်နှင့် ဝန့်ဖိုကျေးရွာတွင် တန်ဖိုးမြှင့် သီးနှံအခြေခံ စားသောက်ကုန်သင်တန်းနှင့် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် သင်တန်း(၂)ကြိမ် စုစုပေါင်းသင်တန်း (၆) ကြိမ် ဖွင့်လှစ်ခဲ့ရာတွင် ထူးချွန်၍ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ထူထောင်လိုသော သင်တန်းသားများအား ရွေးချယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခြင်းနှင့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကျေးရွာကော်မတီအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)