နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဖြူးမြို့နယ် အထက(၁)ကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား လှည့်လည်ပူဇော်

ဖြူး   နိုဝင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ဖြူးမြို့နယ် အထက(၁)ကျောင်းစုပေါင်း မဟာဘုံ ကထိန်ပွဲတော်ကို   ဆရာ/ဆရာမများ၊   အတန်းလိုက် ကျောင်းသား/ကျောင်းသူများ၊    ကျောင်းဝန်ထမ်းများ စုပေါင်းကျင်းပပြုခဲ့ရာ ယမန်နေ့ညနေပိုင်းက  ပဒေသာပင်များအား ရပ်ကွက်အတွင်း လှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် အထက(၁)ကျောင်း စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင် (၁၀)ပင်၊ တန်ဖိုးငွေ(၅၁) သိန်း အကုန်အကျခံကာ  ပဒေသာပင်သီ လှူဒါန်းကြောင်းနှင့် မဟာဘုံကထိန် ပဒေသာပင်များအား ရပ်ကွက်အတွင်း လှည့်လည်ပူဇော်ခြင်းမှာ ယခုနှစ်တွင် ပြန်လည်လှည့်လည်ပူဇော်ခြင်းဖြစ်ကြောင်း အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူထံမှ သိရသည်။

ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများမှ ဦးဆောင်၍ အထက(၁)ကျောင်းအရှေ့ဘက် မုဒ်ဦးမှတဆင့် (၁)လမ်း၊(၃)လမ်းနှင့် ဗိုလ်ချုပ်လမ်းတို့မှ ပဒေသာပင်များအား လှည့်လည်၍ ဆေးရုံရပ်ကွက်ရှိ ရွှေကျင်အနောက် ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ယနေ့နံနက်(၁၀)နာရီတွင် ရွှေကျင်အနောက်ကျောင်း ဆရာတော်ထံမှ  ငါးပါးသီလ ခံယူဆောက်တည် ကထိန်တရားတော်မြတ်ကိုနာကြားကာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများက ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္တုနှင့် ပဒေသာပင်များလှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့အတွက်  ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)