ဇီးကုန်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေးကြီးရှိ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ ရေလှောင်ကန်များ၊ ရေပိုက်ခေါင်းများ ပျက်စီးမှု ရှိ/ မရှိ၊ အပေါ့စား မီးသတ်စက်နှင့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူး ထားရှိမှုများ၊ လျှပ်စစ်မီး ဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးခလုပ်တပ်ဆင် အသုံးပြုမှုစနစ်များ၊ မီးသတ်ရေငုတ်များစီစဉ်ဆောင်ရွက်မှုနှင့် အရေးပေါ်အခြေအနေတွင်မီးသတ်ကားများ ဝင်ထွက်သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ဦးက ဈေးအတွင်း ဈေးရောင်းချသည့် ဈေးသည်များအား မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မီးသတ်ဆေးဘူးများ ဆိုင်တိုင်းထားရှိရန်၊ ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)