ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည် အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့ မွန်းလွဲ ()နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြနှင်းရည်ရှိန် ဘာသာပြန်ဆိုထားသည့် အတွေးများမှသည် လက်တွေ့ လုပ်ဆောင်မှုဆီသို့ စာအုပ်ပါ တန်ဖိုးအရှိဆုံးအလုပ်တွင် အားစိုက်ထုတ်ပါ ဆောင်းပါးနှင့် စာဖတ်သည့် အချိန်ကို မနှမြောပါနှင့် ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးရာတွင် အလုပ်ကို လုပ်ရာတွင် စိတ်ဝင်စားမှုသည် အရေးကြီးပါကြောင်း သို့မှသာ အောင်မြင်မှုရရှိမည် ဖြစ်ကြောင်း၊ မိမိလုပ်နေကျ အလုပ်များကို ယေဘုယျအားဖြင့် စစ်ဆေးကြည့်ရှူသင့်ကြောင်း ထိုအရာသည် မိမိရည်မှန်းချက်သို့ အရောက်လှမ်းနိုင်ရန်အတွက် အကျိုးရှိရှိ ဆွဲခေါ်ပေး မပေးဆိုတာကို သုံးသပ်သင့်ပါကြောင်းနှင့် စာအုပ်တစ်အုပ်သည် ငွေအရင်းအနှီးလည်း ဖြစ်နိုင်သလို ဘဝကို နောက်တစ်ကြိမ် စဉ်းစားနိုင်သည့် နည်းလမ်းအခွင့်အရေးလည်း ပေးနိုင်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း