လပွတ္တာမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိ‌စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

လပွတ္တာ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က (၃) ကျောင်းတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပ ရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေး ဦးဆောင်သည့် အဖွဲ့က အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ဥပဒေစည်းကမ်းနှင့် အညီ ဆောင်ရွက်သည့် မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်း ထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်နှင့် သာမာန်အမှိုက်အမျိုးအစားစသည့် အမှိုက်အမျိုးအစား (၇) မျိုးအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူ များအနေနှင့် မိမိနေအိမ်မှစတင်၍ မိမိပတ်ဝန်းကျင်၊ ကျောင်းများတွင် အမှိုက်ကိုစနစ်တကျ ခွဲခြားစွန့်ပစ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်စေရေး ပညာပေးဆွေးနွေးခဲ့သည်။

လပွတ္တာမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာ ပြန်/ဆက်