ဟင်္သာတ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ သီးနှံအာမခံလုပ်ငန်းများနှင့် ပတ်သက်သော တောင်သူ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရိခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာ့အာမခံလုပ်ငန်း ဒုခရိုင်(တာဝန်ခံ)ဦးဌေးမြင့်က ရာသီဥတု အညွှန်းကိန်း သီးနှံအာမခံ လုပ်ငန်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ၊ အာမခံထားရှိရမည့် လုပ်ငန်းစဉ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ဟောပြောပြီးနောက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ဥမ္မာမြင့်က ဟင်္သာတ မြို့နယ်အတွင်းရှိ တောင်သူများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား မြန်မာ့ ချေးငွေလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ သီးနှံအာမခံထားရှိရေးတို့ကိုလည်းကောင်း ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများမှ သီးနှံအာမခံ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသောအချက်များအား ပြန်လည် မေးမြန်ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ မြန်မာ့အာမခံလုပ်ငန်းမှ ဒုခရိုင်(တာဝန်ခံ)ဦးဌေးမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)