ဒေးဒရဲမြို့နယ်၌ ဆီထွက်သီးနှံ​​နေကြာနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ဒေသတွင်း ဆီဖူလုံမှုရှိစေရေးနှင့် စိုက်ပျိုးမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆီထွက်သီးနှံ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ဒေးဒရဲမြို့နယ်အတွင်းရှိ ရေငန်ဝင်ရောက်၍ နွေစပါးမစိုက်ပျိုးနိုင်သည့် လယ်ယာမြေများတွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် တောင်သူများ မိသားစုဝင်ငွေ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးနည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဆီထွက်သီးနှံ ဆောင်းနေကြာ မျိုးစေ့များနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံ ဆောင်းနေကြာ (၃၂၀) ဧကနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ကွင်း (၁၆၀၀) ဧက စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ပြီး နည်းပညာနှင့် စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း