ရွှေဘို အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံ တာဝန်ထမ်း ဆောင်ကြမည့် ဝန်ထမ်းများအား ယဗန့ နံနက် ၈ နာရီက မြို့တော်ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အညီ မဲရုံမှူးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။
သင်တန်းတွင် ရှေးဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကိုကိုအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးခြင်း လုပ်ငန်းအတွက် စစ်ဆေး ရမည့် အချက်များ၊ မဲရုံ ဖွင့်/ပိတ်ခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် မဲရုံအတွင်းသို့ ဝင်ရောက်ခွင့် ရှိသူများ၊ ခိုင်လုံမဲနှင့် ပယ်မဲများအကြောင်း၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ပုံစံများ ဖြည့်သွင်းခြင်း စသည့် ရွေးကောက်ပွဲကျင်းပစဥ်ကာလ မဲရုံနှင့် ဆိုင်သော သိသင့် သိထိုက်သည်များကို သင်တန်းနည်းပြ (၆) ဦး တို့က သင်ကြားပို့ချပေး လျက်ရှိပြီး မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှု များကို ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် အညီ လက်တွေ့ပြသခဲ့သည်။
အဆိုပါ သင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ စုစုပေါင်း (၄၂၈) ဦးရှိပြီး သင်တန်းကို (၅)ရက်ခွဲ၍ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ရွှေဘို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဒေါ်ရွှေရည်ဝင်းအိ ထံမှသိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)