ဒေးဒရဲ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့စစ်ဆေးပေးခြင်းများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချိုချိုဝင်းက ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ဆီးချို သွေးချိုရောဂါ လက္ခဏာများနှင့် ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေး လိုက်နာရမည့် အချက်များနှင့် ဆီးချိုသွေးချိုရောဂါ ကုသရေး ရည်မှန်းချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ပြည်သူများအား ဆီးချိုသွေးချိုရောဂါ အခမဲ့စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆီးချိုသွေးချိုအန္တရာယ် ကာကွယ်ဖို့ ကိုယ်တိုင်သိရှိဆင်ခြင်စို့ ဆောင်ပုဒ်နှင့်အညီ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်နိုင်သော ရောဂါကုသပေးသည့် ဆေးခန်းများဖွင့်လှစ်၍ ဆီးချိုသွေးချိုရောဂါ အခမဲ့ စစ်ဆေးစမ်းသပ်ပေးခြင်း၊ ဆေးဝါးများ ပံ့ပိုးပေးခြင်းများနှင့် ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းများကို မြို့ပေါ် ပြည်သူ့ကျန်းမာရေးဆေးခန်းနှင့် ကျေးလက်ကျန်းမာရေးဆေးခန်း (၆၃)ခုတို့၌ အခမဲ့စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း