ဇလွန်မြို့နယ်တွင် သီးနှံအာမခံလုပ်ငန်းဆောင်ရွက်ရန် အသိပညာပေးရှင်းလင်းပွဲ အခမ်းအနား ပြုလုပ်

ဇလွန် နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သီးနှံအာမခံလုပ်ငန်းဆောင်ရွက်ရန် အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက တောင်သူများ သီးနှံအာမခံလုပ်ငန်း ဆောင်ရွက်ရန် အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ပြုလုပ်ရခြင်း အကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာဦးတင်ထွန်းနှင့် မြန်မာ့အာမခံလုပ်ငန်းမှ ကြီးကြပ်ရေးမှူး ဦးတိုးဝင်းတို့က သတ်မှတ်မိုးရေချိန်စံညွှန်းထက် ကျော်လွန်သော မိုးရွာသွန်းခြင်းအတွက် လျော်ကြေး အကျိုးခံစားခွင့်ရရှိမည့် အာမခံအမျိုးအစား၊ လျော်ကြေးခံစားခွင့်၊ အာမခံထားရှိနိုင်သည့် ပမာဏ၊ ပရီမီယံနှုန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)