ပေါက်ခေါင်း နိုဝင်ဘာဘာ ၁၅
ကျေးလက်တောင်သူများနှင့်ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များအလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁ မှ ၂၀၂၃ ဘဏ္ဍာနှစ်အတွင်းပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာများ၌ကုန်ထုတ်လမ်း(၅)လမ်း ဖောက်လုပ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၃ ဒသမ ၇၆၇၁ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဂွေးပင်ခုန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအရှည် ၀/၅.၇၆ မိုင်၊ အကျယ် ၁၂ ပေနှင့်ထု ၉ လက်မရှိ ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းကိုတင်ဒါအောင်မြင်သော ဟိန်းတေဇကုမ္ပဏီမှတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၆ ဒသမ ၅၁၂၂ သန်းဖြင့် မိုးမညို(တောင်)ကျေးရွာ လမ်းအရှည် ၁/၀.၅၃ မိုင်၊အကျယ် ၁၄ ပေနှင့်ထု ၉ လက်မရှိမြေသားကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ၇၇ ဒသမ ၄၂၅ သန်းဖြင့်ဗောဓိကုန်းကျေးရွာကုန်ထုတ်လမ်းအရှည် ၁/၁.၅၄ မိုင်၊အကျယ် ၁၂ ပေ၊ထု ၉ လက်မရှိကျောက်ရောမြေနီလမ်းနှင့်ဆင်ဖြူကန်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ ၅၀ ဒသမ ၆၇၃ သန်းဖြင့် လမ်းအရှည် ၀/၅.၅၆၇ မိုင်၊အကျယ် ၁၂ ပေနှင့် ထု ၉ လက်မရှိ ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းနှင့် အောင်မြင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ခွင့်ပြုရန်ပုံငွေ ၈၀ ဒသမ ၅၉၈ သန်းဖြင့်လမ်းအရှည် ၁/၁.၈၂၁ မိုင်၊ အကျယ် ၁၂ ပေ၊ထု ၉ လက်မရှိ ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါကျေးရွာများရှိကုန်ထုတ်လမ်းများဖောက်လုပ်ပြီးစီး၍ သွားလာအသုံးပြုနိုင်ပြီဖြစ်၍ ကျေးလက်နေပြည်သူများနှင့်တောင်သူများ၏ လယ်ယာမြေများမှထွက်ရှိသော သီးနှံထွက်ကုန်များ လွယ်ကူစွာသယ်ယူပို့ဆောင် ရောင်းချနိုင်ပြီး ခရီးသွားလာမှု လမ်းပန်းဆက်သွယ်ရေးတိုးကောင်းမွန်လာခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)