မော်လိုက် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ပြည်သူများ မြေငှားဂရန်လျှောက် ထားနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ကော်လိတ္တော် အရာရှိ ဦးအေးလွင် က အဖွင့်အမှာစကားပြောကြားရာတွင် မိဘပြည်သူများအနေဖြင့် မိမိမြေများကို အခိုင်အမာရှိစေရန် သက်တမ်းလွန်မြေငှားဂရန်များကို သက်တမ်းတိုး အသစ်လျှောက်ထားရန်လိုကြောင်း၊ မြေဂရန် သက်တမ်းတိုးပြုလုပ်ခြင်း လုပ်ထုံးလုပ်နည်းများကို နားလည်ပါက လွယ်ကူစွာပြုလုပ်နိုင်ကြောင်းနှင့် စာချုပ်များကို တရားဝင်ဖြစ်စေရန် မှတ်ပုံတင်ပြုလုပ်ကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်ကော်လိတ္တော်အရာရှိ ဦးဝဏ္ဏထွန်းက မြေငှားဂရန်နှင့် သက်တမ်းတိုးကိစ္စများ ပြုလုပ်ရာတွင် ခက်ခဲသည်ဟု ပြည်သူများက ယူဆနေကြကြောင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ် ပေးပါက လွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်မြေယာလယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဌေးက မြေငှားဂရန်နှင့် ပတ်သက်၍ ဌာနမှဆောင်ရွက်ပေးသည်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ၎င်းနောက် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူ များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)