ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့်စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ပေါက်ခေါင်း      နိုဝင်ဘာ     ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်စကားပုံဆက်ပြိုင်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့်သတ္တိများရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတကို ဉာဏ်စမ်းသည့်အနေဖြင့် စကားပုံဆက်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ အ.ထ.က(အိုးဘိုကုန်း)ကျောင်းမှ Grade-5 နှင့် Grade-6 ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကိုလည်း လက်ဆောင်ပစ္စည်းများ‌ပေးအပ်ခဲ့‌ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)