လိပ်သို အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိပ်သိုမြို့အတွင်းရှိ မဲရုံ (၄၇) ရုံတွင် တာ၀န်ယူ ဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့၀င်များအား ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သံတောင်ကြီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောကားရှယ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာရှိ မဲရုံများ တွင် တာ၀န်ယူဆောင်ရမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့၀င်များအား သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့၀င်များ၏ တာ၀န်၀တ္တရားများ၊ မီဒီယာ ကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့် ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း၊ ထုတ်ပိုးခြင်း၊ မဲရလဒ်ပုံစံ ၁၆/ (၁၆-က) ရေးသွင်းခြင်း၊ မဲရုံခင်းကျင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို သင်တန်းနည်းပြ (၅) ဦးက မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းတွင် မဲရုံတာ၀န်ထမ်း ဆောင်ကြမည့် ဆရာ/ဆရာမ (၉၄) ဦး၊ ရပ်ကွက် ကျေးရွာအုပ်စု (၃၇) အုပ်စုတို့မှ ရပ်ကွက် ကျေးရွာ ကော်မရှင် အဖွဲ့၀င် (၃၇) ဦး စုစုပေါင်း (၁၃၁) ဦးတို့အား ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ပြဌာန်း ထားသော ညွှန်ကြားချက်များနှင့်အညီ အခန်း (၅) ခန်းခွဲ၍ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)