ကျွန်းစု အ.ထ.က ကျောင်း၌ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

ကျွန်းစု နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာများတိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးရုံး၊ ဦးစီးအရာရှိ ဒေါ်မာမာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကားဝိုင်း ကျင်းပရသည့်  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ထဲမှ နေ့စဉ်ပြောဆိုနေတဲ့ စကားအပြောဆို ယဥ်ကျေးမှု၊ လူ့ဘဝနေထိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုများနှင့် ပတ်သက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11 မှ မမြတ်သိင်္ဂီကျော်၊ မစိုးမြတ်သဇင်၊ မောင်မင်းခန့်ထည်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)