မအူပင် နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းအတွက် ဒေသဖွံ့ဖြိုးရေးဘလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အနက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုတဲ့ ဦးတည်ချက်ကို များစွာ အထောက်အကူပြုစေမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဖြိုးက စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားရာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဆိုတဲ့ ဌာနရဲ့ရည်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်း နည်းပညာများ သင်ကြားပေးခြင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓာတ်ခွဲ စမ်းသပ်ပေးခြင်း စသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
၎င်းနောက် တာဝန်ရှိသူများက အမှန်တကယ်လုပ်ငန်းထူထောင်ရန်ဆန္ဒရှိသည့် သင်တန်းသား(၅)ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများ ပေးအပ်ခဲ့ကြပြီး မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေးက သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)