လက်ပံတန်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အ.ထ.က(ဇီးဖြူကုန်း)ကျောင်း၌ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဇီးဖြူကုန်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်မိုးနိုင်ဦးက မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးများအား အကျယ်တဝင့်ရှင်းလင်း အသိပညာပေးဟောပြော၍ မိမိပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေကန်များတွင် ရေများအဆင့်အသင့်ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း စနစ်တကျရှိစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို projector ဖြင့် အသိပညာပေးပြောကြား၍ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြသခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို ကျောင်းသားကျောင်းသူများအား လက်တွေ့သရုပ်ပြသပြီး ကျောင်းသားကျောင်းသူများက လက်တွေ့ပါဝင် မီးငြှိမ်းသတ်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)