ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁၅/၂၀၂၃) အား ပြုလုပ်ဆွေးနွေး

ဘားအံ နိုဝင်ဘာ ၁၅

ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယဉာဏ စိတ်ဓာတ်စွမ်းရည်သတ္တိများ ဖြစ်ထွန်းခိုင်မာလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရည်ရွယ်ဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့် အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သော သင်တန်းဆင်းပွဲ အခမ်းအနားမှ သိရသည်။

အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းဆင်း သင်တန်သား/သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာ့သိုင်းအားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယဉာဏစိတ်ဓာတ် စွမ်းရည်သတ္တိများ ပြည့်ထွန်းခိုင်မာလာစေရေး၊ မြန်မာ့သိုင်းအားကစားနည်း တိမ်ကောပပျောက်မှု မရှိစေဘဲ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းသည် အခြေခံအဆင့်မျှသာဖြစ်၍ အဆင့်မြင့် ပညာရပ်များအား ဆက်လက် လေ့လာဆည်းပူးသွားရန် လိုအပ်ပါကြောင်းနှင့် မြန်မာ့သိုင်းပညာရပ်သည် မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး ဇာတိမာန်တက်ကြွစေသော ပညာရပ်ဖြစ်၍ အမွေအနှစ် တစ်ရပ်အနေဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ သင်တန်း နည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား/သင်တန်းသူများ အတွက် အမှတ်တရ ဂျာစီများ ထောက်ပံ့ပေးသော ရွှေမြန်မာမှန်လုံယာဉ်အသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား/ သင်တန်း သူများအား ဂုဏ်ပြုဆုများကို လည်းကောင်း ချီးမြှင့်ပြီး သင်တန်းဆင်းသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်း သင်တန်းသား/သင်တန်းသူများမှ အခြေခံမြန်မာ့သိုင်း ဗန်ဒို(၆၃)နည်းပညာကျင့်စဉ်များအနက် လက်နည်းစနစ်ဖြင့် ခုခံကာကွယ် တိုက်ခိုက်ခြင်း (၆)မျိုးအား သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနား အပြီး၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ယခုဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းသင်တန်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့မှ နိုဝင်ဘာလ (၁၅)ရက်နေ့အထိ (၂၅)ရက်ကြာ ဘားအံမြို့၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြား ပို့ချခဲ့ပြီး သင်တန်းသား/သင်တန်းသူစုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အခြေခံမြန်မာ့သိုင်း ဗန်ဒို(၆၃) နည်းပညာ ကျင့်စဉ်များအနက် လက်နည်းစနစ်ဖြင့် ခုခံကာကွယ်တိုက်ခိုက်ခြင်း(၆)မျိုးအား သင်ကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇွဲကပင်အဆင့်မြင့် အားကစားကွင်း ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကျောင်းသား/ကျောင်းသူများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဘားအံမြို့၊လှာကမြင်ကွက်သစ်၊ ဇွဲကပင်အဆင့်မြင့်အားကစားကွင်းအနီး၌ ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပြည်နယ် ခွင့်ပြုရန်ပုံငွေ (၉၂၀.၈၅)သန်းဖြင့် တည်ဆောက်လျက်ရှိသော အားကစားသမားများ တည်းခိုဆောင် (၁၂၀ပေx၄၀ပေ)RC(၄)ခန်းတွဲ (၅)ထပ် အဆောက်အဦ ဆောက်လုပ် ခြင်းလုပ်ငန်း (၈၅) ရာခိုင်နှုန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ယူတည်ဆောက်လျက်ရှိသော ကုမ္ပဏီမှတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဆောက်အဦ သတ်မှတ်စံချိန် စံနှုန်းပြည့်မီရေး၊ ဆက်စပ်ပရိဘောဂများ ဆက်လက်ဖြည့်ဆည်း ပေးနိုင်ရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးတို့အား လမ်းညွှန်မှာကြားခဲ့သည်။

အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁၅/၂၀၂၃)အား ယနေ့နံနက် (၁၀) နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ချေးငွေများအား စိစစ်ခွင့်ပြုထုတ်ချေးပေး ထားပြီး နိုင်ငံ၏ စီးပွားရေးအတွက် အမှန်တကယ် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်ရန်လိုကြောင်း၊ လုပ်ငန်းတိုးတက်မှု အခြေအနေများအား စဉ်ဆက် မပြတ် လေ့လာ ကြည့်ရှုသုံးသပ်နေရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရန်ပုံငွေကို အပြေအကျေ ပေးဆပ်ထားပြီးသည့် တောင်သူများအား ပြန်လည်ထုတ်ချေး ပေးနိုင်ရေး ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင် ပြည်နယ် အဆင့် ဌာနဆိုင်ရာများက ယခင်အပတ်(၁၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက ချေးငွေအပြေအကျေ ပေးဆပ်ပြီးသော သမဝါယမအသင်းများ၏ အာမခံလွှဲပြောင်းမှု အခြေအနေ၊ MSMEs ချေးငွေရရှိရေး ဆောင်ရွက်ထားမှုအခြေအနေ၊ ဆောင်းရာသီဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များအား ဖြန့်ဝေပေး နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က စိုက်ပျိုးသီးနှံများ သဘာဝဘေးကြောင့် လေလွင့်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ဆောင်းရာသီဆီထွက်သီးနှံ စိုက်ပျိုးရေးအား လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)