မင်းလှမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

အထက်မင်းလှ နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ MPHC 2023 ကြိုဆိုထောက်ခံသောအားဖြင့်၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၏ လက္ခဏာများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်နည်းများ၊ ဖြစ်ပွားလာပါက စနစ်တကျကုသရမည့်နည်းလမ်းများ၊ ဆီးချို၊ သွေးချိုရောဂါနှင့်ပတ်သက်သည့်  နောက်ဆက်တွဲရောဂါများနှင့်ဆိုးကျိုးများ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်း ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမို၊ လက်‌ထောက်ဆရာဝန် ဒေါက်တာကျော်သူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများအား စစ်ဆေးကုသပေးခြင်း ဆောင်ရွက်ပေးခဲ့သည်။ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစစ်ဆေးပေးပြီး၊ ဆေးကုသပေးရာတွင် လာရောက်စစ်ဆေးသူ(၄၉)ဦးရှိပြီး၊သွေးတိုးရောဂါတွေ့ရှိသူ (၂၄)ဦး၊ ဆီးချိုသွေးချိုရောဂါတွေ့ရှိသူ(၁၃)ဦး၊ နှလုံးရောဂါတွေ့ရှိသူ(၄)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)