မြဝတီမြို့၌ ကျောင်းသားလူငယ်များ ပြင်ပအသိပညာ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော

မြဝတီ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းလွန်ကျောင်း  (မြဝတီ)နှင့်  အခြေခံပညာမူလတန်းလွန်ကျောင်း  (မဲ့ပလဲ့) တို့၌  လူငယ်ရေးရာ  အသိပညာပေး ဟောပြောသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား  ပြောကြားပေးပြီး   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မာမာရီ က  လူငယ်များအနေဖြင့် လိမ္မာရေးခြား ရှိစေရေး  အသိပညာ၊ အတတ်ပညာ သာမက  ပြင်ပစာပေ  ဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်းနှင့် အနာဂတ် မျိုးဆက် သစ်လူငယ်များသည်  နိုင်ငံတော်မှ အားထားရသော လူတော်၊လူကောင်း ဖြစ်လာစေရေးလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ    လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ထိန်းသိမ်းရမည့် အချက်များနှင့် ကမ္ဘာ့လေထု၊  မြေထု၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်ရေး ပလတ်စတစ်အိတ် သုံးစွဲမှု လျော့ချရေးတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးသည်။

ထို့နောက် ဟောပြောပေးသည့် အကြောင်းအရာအပေါ် ပြန်လည်မေးမြန်းခဲ့ကြရာ အဖြေမှန်သည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးပြီး  ကလေးအလုပ်သမား ပပျောက်ရေးနှင့် စွန့်ပစ်ပစ္စည်း စနစ်တကျ စီမံခန့်ခွဲမှု အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင် ပြသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)