ရှမ်းရွာသစ် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏နေအိမ်ခြံဝင်းထဲတွင် စိုက်သလို၊ တစ်ချို့ ဒေသနေပြည်သူများက လယ်ယာမြေများတွင် သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးထားကြောင်း၊ ကန်စွန်းပင်၊ ရုန်းပတီပင်၊ ချဉ်ပေါင်ပင်၊ ပဲတောင့်ရှည်ပင်၊ ခရမ်းပင်၊ ပဲပုစွန်ပင်၊ ခဝဲပင်၊ မုန်ညှင်းရွက်ပင်၊ မုန်လာဉပင်နှင့် နံနံပင်များကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းကြောင်း၊ အရင်းနှီးလည်းနည်းသည့်အပြင် မိသားစုအပိုဝင်ငွေရရှိရေးအတွက်ရာသီမရွေးစိုက်ပျိုးနိုင်သောဝင်ငွေတိုးဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးရန်အကြံပြုကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ် သော မီးဖိုဆောင်သုံးဟင်းသီးဟင်းရွက်များဖြစ်သဖြင့် ဒေသနေပြည်သူများနှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြကြောင်း၊ ဟင်းသီးဟင်းရွက်ရောင်းချရာတွင် နေ့စဉ်ဝင် ငွေ(၁၀၀၀၀)ခန့်ရရှိသောကြောင့် စားဝတ်နေရေးအဆင်ပြေကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့ရှိဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဉယျဉ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်သည့်မြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရေးအတွက်Home Gardenစနစ်ဖြင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)