လိပ်သိုမြို့၌ ကျောင်းသား/ကျောင်းသူများအား  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

လိပ်သို    နိုဝင်ဘာ     ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကိုကျောင်းသား/ကျောင်းသူလူငယ်များသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယနေ့နံနက်  ၉   နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက အဖွင့်အမှာ စကားပြောကြားပြီးနောက် အလယ်တန်းပြဆရာမ ဒေါ်နန်းခင်စုလှိုင်ကလူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲရသည့်အကြောင်းရင်း၊ ကျောင်းသားလူငယ်များ သိရှိ လိုက်နာသင့်သည့်အချက်များ၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့်အကြီးမားဆုံး အန္တရာယ်သည် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ လူ၏ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေသော၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ စသည့်နောက်ဆက်တွဲ ကိစ္စရပ်များစွာတွင် ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဆရာမ ဒေါ်လူစီရွှေက မူးယစ်ဆေးဝါးပြဿနာသည် မြန်မာ နိုင်ငံတည်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးက ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာဖြစ်ပြီး ကမ္ဘာ့လူသားအားလုံးအတွက် ကြောက်မယ်ဖွယ်အန္တရာယ်ဆိုးကြီးဖြစ်ပါကြောင်း၊ ယနေ့အချိန်ထိ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် စိတ်ကြွရူးသွပ်ဆေးဝါးများသည် နည်းလမ်းမျိုးစုံဖြင့် လူငယ်လူထုကြားတွင် ဝင်ရောက်နေရာ ယူဆဲဖြစ်ပါကြောင်း၊ လူငယ်များ၏ အနာဂတ်ကိုအဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးကို အစမလုပ်မိအောင် မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်တို့က ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်းကိုလည်း ပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)