ပိုင်ကျုံမြို့၌ ပဲတောင့်များစျေးကောင်း၍ ပဲတောင့်စိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ပိုင်ကျုံ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည်အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကအား ထားလုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ကိုင်း‌မြေများ၌ တိရစ္ဆာန်မှထွက်ရှိသည့် သဘာဝမြေသြဇာများကို အသုံးပြုလျက်  ပဲတောင့်ရှည်များ စိုက်ပျိုးထားကြသည်။

ပဲတောင့်တွင် အပင်ပုမျိုးနှင့်အပင်ရှည်မျိုး ဟူ၍နှစ်မျိုးခွဲခြားစိုက်ထားကြသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ မြေဩဇာအဖြစ် နွားချေကိုသာ အများဆုံးအသုံးပြုကြသည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့်တစ်ပင် (၉-၁၂)လက်မခွာ၍ စိုက်ကြသည်။ အပင်ပုမျိုးများကို တစ်တန်းနှင့်တစ်တန်း (၁.၅-၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာ၍ စိုက်ကြသည်။ ပဲတောင့်သီးပေါ်ချိန်တွင်  တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းချ‌နိုင်ခဲ့ခြင်းကြောင့် မိသားစုအတွက်အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရပါသည်။

ပိုင်ကျုံမြို့ရှိ ကိုင်းမြေလုပ်ကိုင်သူများအနေဖြင့် ပဲတောင့်ရှည်မျိုးများအပြင်  ကစွန်းရွက်၊ မုန်လာ၊ ငရုပ်၊ မုန်ညင်း၊ သခွါးနှင့် အခြား ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးထားကြကြောင်း သိရှိရပါသည်။

နော်ခူး(ပြန်/ဆက်)