ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြပွဲများပြုလုပ်

ကော့သောင်း နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် လူငယ်‎‎ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပုလုံးတုံတုံးကျေးရွာရှိ အ.ထ.က(ခွဲ) ပုလုံးတုံတုံးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ကျောင်းသား၊ကျောင်းသူ၊လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်းရမည်ဖြစ်ရာ ငယ်ရွယ်စဉ်ကာလမှစ၍ အသိပညာဗဟုသုတများ သိုမှီးရမည်ဖြစ်ကြောင်းနှင့် ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တ"ဟူသည့် ဗလ(၅)တန်ဖွံ့ဖြိုးရန်အတွက် အကျိုးရှိမည့် စာအုပ်၊စာပေများ ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ခြင်းအလေ့အထကောင်းများဖြစ်စေရန် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် မြန်မာတစ်မျိုးသားလုံး၏ နေ့ထူးဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကလေး၊လူငယ်များ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်းသိရှိ‌စေရန်၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်များ‌ရှောင်ရှားရမည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပညာပေး အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများအစရှိသည့် ဗဟုသုတဖြစ်ဖွယ်နံရံကပ်စာ‌စောင်၊ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)