ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျောက်ဆောင်စမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဝင်နိုင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သူအဖြစ် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်းအကျိုး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အချိန်၏ တန်ဖိုးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကို မေးမြန်းကြကြောင်းနှင့်စကားဝိုင်း ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းအပြီးတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသင်းက ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ပြသထားသောနံရံကပ်ပိုစတာများ၊ သုတ/ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)