ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည်ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ် ထီလုံ-တာပေါင်-ပတ- နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်လျက်ရှိသော လမ်းဆောက်လုပ်ရေးအထူးအဖွဲ့-၂၂မှ တာဝန်ရှိသူများက အဆိုပါလမ်းအရှည် (၃၂)မိုင် (၆) ဖာလုံ လမ်းပိုင်း ကျောက်ချောခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ  အချိန်မီပြီးစီးရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကော့ကရိတ်မြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော နဘူး-ထို့ကော်ကိုးလမ်း (၈/၁)မိုင် အနက် (၂/၀)မိုင်အား တစ်ဖက်လျှင် (၃)ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

အလားတူ ကော့ကရိတ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီး၍ ဒေါနကြယ်စင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သရက်တော- ဝဲလစ်- ထို့ကော်ကိုးလမ်း (၂)မိုင် (၅)ဖာလုံမှ (၃)မိုင် (၅)ဖာလုံအကြား (၁)မိုင်အတွက် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကော့ပရံ- ကော့ရေခါးလမ်း ကွန်ကရစ်လမ်းအရှည် (၁/၁)မိုင်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများအားလုံး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်းပြီးစီးရေး မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ် ကော့ရေခါးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး (၁၂၀ ပေ x ၃၀ ပေ) RCC (၁)ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ သန့်စင်ခန်းများသန့်ရှင်းရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြာပြီး အဆိုပါကျောင်းအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ် ဝဲကင်းအံကျေးရွာ ဝဲကင်းအံကျောင်းတိုက် ဆရာတော် ဦးသုန္ဒရအား သွားရောက်ဖူးမြော်ပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် ဝဲကင်းအံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ရောက်ရှိပြီး အကျယ်( ၆၀ပေ × ၃၀ပေ )ရှိ တစ်ထပ် ကျောင်းဆောင်တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများအား သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်းပြီးစီးရေး မှာကြားခဲ့ပြီး ကျောင်းအထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ် (၃)သိန်းအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)