ကော့သောင်း နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာသင်ကျောင်းအခြေပြုမီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ အ.ထ.က (ခွဲ)အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းကပညာပေးအစီအစဉ် ဆောင်ရွက်ခြင်းသည် သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခါ ကလေးများမှာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးနိုင်ခြေအများဆုံး ဖြစ်သောကြောင့် ကလေးများအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို ကစားနည်းပုံစံပြုလုပ်ပြီး ၎င်းတို့၏ မိသားစု၊ သူငယ်ချင်းများနှင့်အတူ လေ့လာဆော့ကစားနိုင်သော စီစဉ်ထားသည့် ကစားနည်းတစ်ခုဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်(Kaeru Caravan)တွင် ကစားနည်း(၁၀)မျိုးရှိပြီး ကစားနည်းများဖြင့် အသိပညာပေးရခြင်း၏ရည်ရွယ်ချက်များမှာ ကလေးများအား မီးသတ်ဆေး ဘူး အသုံးပြုတတ်စေရန်၊ လက်တွေ့မီးငြှိမ်းသတ်တတ်စေရန်၊ မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ ပတ်ဝန်းကျင်အား အကူအညီပေးနိုင်ရန်နှင့် မီးနှင့်ပတ်သက်သော ဗဟုသုတများ ရရှိစေရန်၊ မီး၊ လောင်စာနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား သိရှိနားလည်စေရန်၊ အပူ၊ အောက်ဆီဂျင်၊ လောင်စာအရာဝတ္တု(၃)မျိုး ပေါင်းစပ်မိလျှင် မီးလောင်မှုဖြစ်ပွားနိုင်သည်ဆိုသော အသိပညာပေးနိုင်ရန်၊ မီးလောင်လွယ်သောပစ္စည်းများကို ခွဲခြားသိရှိလျင်မီးနှင့် မထိတွေ့အောင်ပြုလုပ်ပြီး မီးလောင်မှုမဖြစ်ပွားစေရေးကာကွယ်စေရန်နှင့် မီးလောင်မှု ဖြစ်ပွားလျှင် မီးငြှိမ်းသတ်ရေး ပစ္စည်းများအား ခွဲခွဲခြားခြားသိရှိပြီး ငြှိမ်းသတ်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထမ်းစင်မရှိသောနေရာများတွင် စောင်ကိုအသုံးပြု၍ ထိခိုက်ဒဏ်ရာရရှိသောလူနာကို လုံခြုံ စွာသယ်ဆောင်တတ်စေရန်၊ မိမိပတ်ဝန်းကျင်တွင်(သို့မဟုတ်) မိမိအိမ်သားများ ထိခိုက်မှုရှိ၍ အရိုးကျိုးခြင်း (သို့မဟုတ်) သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် အရိုးကျိုးဒဏ်ရာရသည့် လူနာအားရရာပစ္စည်းနှင့် ရှေးဦးသူနာပြုစုနိုင်ရန်၊ အရေးပေါ်ရေကြီး၊ ရေလျှံမှုများဖြစ်ပွားသည့်အခါ မိမိအိမ် (သို့မဟုတ်) ပတ်ဝန်းကျင်တွင်ရှိသော ရေသန့်ဘူးများဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်တတ်စေရန်၊ အရေးပေါ်အခြေအနေတွင် သယ်ယူရမည့်ပစ္စည်း(၁၇)မျိုး၏တစ်မျိုးခြင်းစီ အသုံးဝင်ပုံကို လေ့လာနိုင်စေရန်၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာသည့်အခါ မိမိအိမ် (သို့မဟုတ်) ပတ်ဝန်းကျင်ရှိ ကြိုးကိုအသုံးပြု၍ ကူညီကယ်ဆယ်နိုင်စေရန်၊ ငလျင်ဘေး၊ ရေဘေး၊ မီးဘေးစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကြုံတွေ့နိုင်သည့် အခက်အခဲများကို မိမိတို့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းကိရိယာများ အသုံးပြု၍ အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်စေရန်၊ ပို၍လုံခြုံဘေးကင်းစွာ နေနိုင်တတ်စေရန်နှင့် သဘာဝဘေး အန္တရာယ်မဖြစ်ခင်၊ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက် အခြေအနေများတွင် မည်သို့ပြုမူဆောင်ရွက်ရမည်ဆိုသောနည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီးခရိုင်/ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက စာသင်ကျောင်းအခြေပြုမီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျော့ချရေး အသိပညာပေးအစီအစဉ်(Kaeru Caravan)မှ ဂိမ်း(၁၀)မျိုးအားကျောင်းသား/သူ(၁၂၀)ဦးတို့အား ဂိမ်းပါဝင်ကစားခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)