ငါးသိုင်းချောင်း နိုဝင်ဘာ ၁၄
ကျုံပျော်ခရိုင် ငါးသိုင်းချောင်း မြို့၊ရှေ့ဆောင်ရပ်ကွက်၌ ရေကြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နေပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝအချက်အလက်များ(Biometric Data) ကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ရှေ့ဆောင်ရပ်ကွက်တွင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဆောင်ရွက်ပေးရာတွင် ရေကြည်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှဝန်ထမ်းများက သတ်မှတ် ဦးတည်အုပ်စုအလိုက် မြို့နယ်အတွင်းရှိရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများယူဆောင်လာစေပြီး၊ ၎င်းတို့၏ကိုယ်ရေး အချက် အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို တစ်ဦးချင်းစီ အလိုက် စနစ်တကျ ဆက်လက် ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူ ညီသည့် ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် e-Government တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့်စနစ် တစ်ခုဖြစ်၍ ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်နှင့် ယာဉ်မောင်းလိုင်စင် စသည့် ဝန်ဆောင်မှု လုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်းနှင့် ကျန်ရှိသောရပ်ကွက်နေပြည်သူများကိုလည်း ယခုကဲ့သို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)