မြိတ် နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြိတ်မြို့ ကလွင်ကျေးရွာ သံသရာအေးဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ဟောပြောခဲ့ကြသည်။
ဟောပြောပွဲကို ကလေးသူငယ်များဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ မိမိတို့ရပ်ရွာအတွင်းရှိ ကလေးသူငယ်တိုင်းအပေါ်ကျရောက်လာမည့် အန္တရာယ်များကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ သက်ဆိုင်ရာဌာနများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ကို သိရှိစေရန်နှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ သည် ကျောင်းသား/ကျောင်းသူများ အားလုံးသိရှိပြီး လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
အသိပညာပေးဟောပြောရာတွင် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သီသီအေးက ကလေးများ၏ အခွင့်အရေးများ၊ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးရမည့်အခြေအနေများ၊ ကလေးသူငယ်ကိစ္စရပ်များကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိ ပညာတိုးပွားစေရန် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးနေမှုနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်းအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ခရိုင် ( ပြန်/ဆက် )