ရေကြည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

ရေကြည်  နိုဝင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင် ပြီးဘက်စုံထူးချွန်ထက်မြက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အ.ထ.က(ဇရပ်လှ)၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်စကားဝိုင်းတွင် အ.ထ.က(ဇရပ်လှ) ကျောင်းအုပ်ဆရာမကြီး  ဒေါ်မိုးမိုးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးဆောင် ဆွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်နှင့် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး၊ မြို့နယ်လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး  ဒေါ်နှင်းနှင်းအေးတို့က ဆောင်ရွက်ခဲ့သည်။

လူငယ်စကားဝိုင်းတွင် Grade - 10 မှ မမဉ္ဇူသင်းက လူငယ်နှင့်ရည်မှန်းချက်၊ မောင်ပိုင်ဇင်ထွန်းက လူငယ်နှင့်မူးယစ်ဆေး၊ မအင်ကြင်းမေက လူငယ်နှင့် ကျန်းမာရေး၊ Grade–11 မှ  မောင်အောင်နိုင်စိုး က လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေကြည်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

ရေကြည် (ပြန်/ဆက်)