ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၄

မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အသက် (၁၈) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ ရွှေဒေး (ယူ-၁၈)အသင်းနှင့် ရွှေပုသိမ် (ယူ-၁၈) အသင်းတို့မှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၁၈)အသင်းက ရွှေဒေး (ယူ-၁၈) အသင်းအား ငါးပွဲကစား သုံးပွဲနိုင် ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ဆက်လက် ကျင်းပရာ Golden Brother(ယူ-၂၅)အသင်းနှင့် ရွှေပုသိမ် (ယူ-၂၅) အသင်းတို့အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၂၅) အသင်းက Golden Brother (ယူ-၂၅) အသင်းအား  လေးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့သော ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အမှတ်တရလက်ဆောင်များကို မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစား သမားများအား ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် မြန်မာ့ လက်ရွေးစင် ကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးနှင့် ဒေါ်သူဇာတင်တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် တတိယဆုရရှိသော ခနောင်အသင်းမှ အားကစား သမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် ဦးမင်းဟန်နှင့် ဇနီး ဒေါ်ကြည်ကြည်အေးတို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေဒေးအသင်းမှ အားကစား သမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို  ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောမက်သရူးအေး အား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဒုဥက္ကဋ္ဌက လည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြန်မာဘော်လီဘော လူမှုရေး အသင်းဥက္ကဋ္ဌကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် အသက် (၂၅) နှစ်အောက် ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆက်လက်ဆုချီးမြှင့်ရာ စတုတ္ထဆုရရှိသော အိမ်မဲ လူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို  လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲ တွင် တတိယဆုရရှိသော ရွှေထုံးအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော Golden Brother အသင်းမှ အားကစား သမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံး ဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောအယ်ထီးကော်အား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အသက် (၂၅) နှစ်အောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ချီးမြှင့်ခဲ့ပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)