လိပ်သို နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက အဖွင့်အမှာစကားပြောကြားပြီးနောက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်းစုဆောင်းခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုပြဿနာသည် အာရှနိုင်ငံများ၌ ကြီးထွားများပြားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှုများရှိနေပါကြောင်း၊ လူကုန်ကူးခံရမှုမှာလည်း ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေကြရကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရည်ရွယ်ချက် (၄)ရပ်နှင့် လူကုန်ကူးခံရသူများရရှိနိုင်သော ဆိုးကျိုးများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာ ဗသုတများကိုလည်း ကျောင်းသား/ကျောင်းသူများ သိရှိနိုင်ရန် အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံရံကပ်စာစောင်များပြသရာ လူကုန်းကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများ၊ သိမှတ်ဖွယ်ရာများ အကျယ်တဝင့်သိရှိစေရေးအတွက် ပြသဆောင်ရွက်ထားရှိမှုများကို ကျောင်းသား/ကျောင်းသူ လူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)