ရှမ်းရွာသစ် နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် တပိုင်တနိုင် စိုက်ပျိုးထားသော ငှက်ပျောပင်မှငှက်ပျောသီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငှက်ပျောပင်စိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏နေအိမ်ခြံဝင်းထဲတွင် စိုက်သလို၊ တစ်ချို့ ဒေသနေပြည်သူများက ဉယျာဉ်ခြံ မြေများတွင် သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးထားကြောင်း၊ သီးမွှေး၊ ရွှေငှက်ပျော၊ ရခိုင်ငှက်ပျော၊ ဖီးကြမ်း ငှက်ပျောများကို အများဆုံးစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းကြောင်း၊ အရင်းနှီးလည်းနည်းသည့်အပြင် မိသားစု အပိုဝင်ငွေရရှိရေးအတွက် ရာသီမရွေးစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန်အကြံပြုကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်သည့်အပြင် မြန်မာ့ရိုးရာမုန့်ရောင်းချသည့် ဒေသနေပြည်သူများက ငှက်ပျောသီး တစ်ဖီးလျှင် ငွေကျပ်(၁၀၀၀) ကျပ်မှ (၂၀၀၀)ကျပ်အထိ အသီးအရွယ်အစားပေါ်မူတည်၍ ရောင်းချရသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ဉယျဉ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်သည့်မြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရေးအတွက် Home Garden စနစ်ဖြင့် ဟင်းသီး/ဟင်းရွက်စိုက်ပျိုးသည့်လုပ်ငန်းကို တပိုင်တနိုင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)