ပြည် အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲလက်မှတ်များအားစစ်ဆေး ဆောင်ရွက်မှုကို အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်မြို့အမှတ်(၁)ရဲစခန်း၌ စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များအား ထုတ်ယူရရှိသည့် စာရင်းများနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဆန္ဒမဲလက်မှတ် အရွက်ရေ ပြည့်/မပြည့်၊ စုတ်ပြဲ စွန်းထင်းသော ဆန္ဒမဲလက်မှတ်များ ပါရှိခြင်းရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များဟုတ်/မဟုတ်၊ ဆန္ဒမဲလက်မှတ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်နှင့်သင်္ကေတအမှတ်အသား တံဆိပ်များပါ/မပါနှင့်မှန်ကန်မှုရှိ/မရှိတို့အား ဖွင့်ဖောက် စစ်ဆေးခဲ့ကြသည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်မြို့နယ် ၌ မဲရုံပေါင်း(၂၀၉)ရုံရှိပြီး ပါဝင်ယှဉ်ပြိုင့်မည့် ပါတီပေါင်း(၆)ခု၊ မဲဆန္ဒရှင်ပေါင်း (၁၉၁၁၄၇)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
မင်းမင်းစိုး(ပြန်ဆက်)