စေတုတ္တရာ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ဆီးချို၊ သွေးချိုရောဂါ ကာကွယ်တားဆီးထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းများ ကျန်းမာရေးကောင်းမွန်မည့် လှုပ်ရှားမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမျိုးကိုကိုဇင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာ၊ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား အဟာရဖြင့်စေမည့် ကြက်သားဆန်ပြုတ်များတိုက်ကျွေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းနှင့် ဆေးဝါးများပေးအပ်ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သက်သက်ရည်က သက်ကြီးဘိုးဘွားများအတွက် သွေးတိုး၊ ဆီးချို၊ သွေးချိုကာကွယ်ရေး တားဆီးထိန်းသိမ်းရေးနည်းလမ်းများနှင့် မကူးစက်နိုင်သည်ရောဂါနှင့် ကူးစက်နိုင်သောရောဂါများအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။
၎င်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဘိုးဘွားများအား ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာစွာနေထိုင်နိုင်ရေး ကိုယ်လက်လှူပ်ရှားမှုပုံစံများကို လက်တွေ့သရုပ်ပြ အတူတကွလုပ်ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)