ဇီးကုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ဇီးကုန်း နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဇီးကုန်းမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ဦးက မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးများအား အကျယ်တဝင့် ရှင်းလင်းအသိပညာပေးဟောပြော၍  မိမိပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေကန်များတွင် ရေများအဆင့်အသင့်ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း စနစ်တကျရှိစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို  projector ဖြင့် အသိပညာပေးပြောကြား၍ မီးသတ်ဆေးဘူး  အသုံးပြုပုံအားရှင်းလင်းပြသခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို  ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသပြီး   ကျောင်းသားကျောင်းသူများက လက်တွေ့ပါဝင် မီးငြှိမ်းသတ်ခဲ့ကြသည်။

တင့်ဆွေ (ပြန်ဆက်)