လိပ်သိုဒေသတွင် ငရုတ်ပင်များ တနိုင်တပိုင်စိုက်ပျိုး

လိပ်သို နိုဝင်ဘာ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် မိမိတို့ခြံမြေများနှင့် အိမ်ခြံဝင်းများအတွင်းတွင် ရာသီနှင့်ကိုက်ညီသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် စားဖိုချောင်သုံး ဟင်းသီး/ဟင်းရွက်ပင်များ အိမ်တိုင်းလိုလိုပင်စိုက်ပျိုးထားရှိကြရာ ငရုတ်ပင်များကိုလည်း တနိုင်တပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

ဒေသခံများမှာ စားဖိုချောင်အတွက် ဝယ်ယူစားသုံးသော ငရုတ်သီးမှည့်မှ မျိုးစေ့များကိုယူ၍ စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးမျိုးစေ့များကို နွေရာသီကာလတွင် ပျိုးထောင်ကြပြီး ရေလောင်းပေါင်းသင်ကာ သဘာ၀မြေဩဇာများကိုသာကျွေး၍ ပြုစုပျိုးထောင်ကြောင်း၊ မိုးရာသီကာလတွင် အပွင့်စတင်ပွင့်ကာ ဆောင်းရာသီကာလတွင် အသီးများလှိုင်လှိုင် သီးလာကြောင်း၊ တနိုင်တပိုင်စိုက်ပျိုးထားခြင်းဖြင့် မိသားစုထွက်ငွေကို တစ်ဖက်တစ်လမ်းမှ ချွေတာနိုင်ကြောင်း ငရုတ်ပင်စိုက်ပျိုးထားသူတစ်ဦးထံမှ သိရသည်။

လိပ်သိုဒေသတွင် အိမ်စိုက်ငရုတ်ပင်များအပြင် ယာဒိုပဒေါင်ငရုတ်သီး၊ မိုးမျှော်သီး၊ ကုလားအော်သီး၊ ရုရှားသီးတို့ကိုလည်း တနိုင်တပိုင်စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးများကို အခြောက်ပြုလုပ်၍လည်း သိုလှောင်သိမ်းဆည်းကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)