ကော့သောင်းမြို့မှ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူတစ်ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြု

ကော့သောင်း အောက်တိုဘာ ၂၃

ကော့သောင်းပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသူလူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းသဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူမှာ လာမည့်ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် သင်တန်းတက်ရောက်နေသူ အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့က သင်တန်းသားအထူးရဲတပ်ဖွဲ့ဝင် ၇၉ ဦးနှင့် အုပ်ချုပ်သူနည်းပြ ၁၄ ဦးတို့အား Test Kit ဖြင့် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့သည့် အသက်(၂၉) နှစ်အရွယ် သင်တန်းသား အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ ပို့ဆောင်ထားရှိ၍ ဆေးဝါးကုသမှုခံယူခဲ့ရာမှ ယခုအခါ ရောဂါ ပျောက်ကင်းခဲ့သဖြင့် ယမန်နေ့မွန်းလွဲပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး မိမိ၏နေအိမ်တွင် နေအိမ်အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (၇) ရက် ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)