ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ဈေးရောင်းဈေးဝယ်ပြည်သူများကို ကွင်းဆင်းအသိပညာပေး

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း သက်သာစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အပတ်စဉ်(တနင်္လာနေ့တိုင်း) စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများအားလုံးကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီ ကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်  အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း/အပြင်ရှိ  ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများ ဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချ သွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှု အခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ် ပြည်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းလျှော့ချနိုင်ရေး ဈေးရောင်းချရာတွင် အစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )