မကွေးတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်ဆောင်ရွက်နေသော MSMEs လုပ်ငန်းဖြစ်သည့် မခါနှင့် ညီမများ သဘာဝဆေးဆိုးရက်ကန်းလုပ်ငန်း

မကွေး နိုဝင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၏ စီးပွားရေးဦးတည်ချက်တွင် "တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး"ဟူသည့် အချက်ပါဝင်ပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ အားပေးမြှင့်တင်မှုကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအသီးသီးတွင် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ဆောင်ရွက်လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများနှင့် စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး ဦးဇော်ထွန်းအောင်(ညွှန်ကြားရေးမှူး)နှင့် တွေ့ဆုံ မေးမြန်းထားမှုကို ကနဦး တင်ပြအပ်ပါသည်။

မေး - ပထမဦးစွာ ဆရာရဲ့ အမည်နဲ့ ရာထူးတာဝန်လေးကို ပြောပြပေးပါဗျာ့။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်အမည်က ဦးဇော်ထွန်းအောင် ဖြစ်ပြီး မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်ခင်ဗျ။

မေး- ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လုပ်ကိုင်နေတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းတွေနဲ့ ပတ်သက် ပြီး ဘယ်လိုတွေ အကောင်အထည်ဖော် ဆောင်ရွက်နေလဲဆိုတာရယ်၊ မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်မှာ ဆရာတို့ ဌာနက ကြီးမှူးပြီးတော့ (MSMEs) ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကျင်းပဖြစ်တဲ့ ရည်ရွယ်ချက်လေး သိပါရစေခင်ဗျ။

ဖြေ- ကျွန်တော်တို့ ဌာနအနေနဲ့ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ ပြည်သူတွေ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေဖို့အတွက် ရည်ရွယ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းတွေကို ဖော်ဆောင်လုပ်ကိုင်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ တစ်ပိုင်တစ်နိုင် စီးပွားရေးမှသည် အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ စီးပွားဖြစ် လုပ်ငန်းရှင်ကြီးများအဖြစ် ရပ်တည်ဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်အစိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးပြီးတော့ ဆောင်ရွက်လုပ်ကိုင်စေတာ ဖြစ်ပါတယ်။ ယခုနှစ်မှာဆိုရင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လုပ်ကိုင်နေတဲ့ (MSMEs)လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေဖို့၊  (MSMEs)လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေဖို့၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေနဲ့ မိမိတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်လုပ်ကိုင်နေတဲ့ (MSMEs) ထုတ်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့နဲ့ သက်ဆိုင်ရာဌာနများအနေဖြင့် (MSMEs) ထုတ်ကုန်ပစ္စည်း ထုတ်လုပ် နေမှုနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်စေဖို့ ရည်ရွယ်ပြီး (MSMEs) ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို စီစဉ်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ (MSMEs) ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကိုတော့ (၉.၁၁.၂၀၂၃)ရက်နေ့မှ စပြီး (၁၁.၁၁.၂၀၂၃)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဝင်ရောက်ပြသရောင်းချတဲ့ (MSMEs)ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်ပြသခဲ့ပြီး ထုတ်ကုန်ပစ္စည်းတွေကတော့ ဆီး/မကျည်းဖျော်ရည် ၊ အားလူးကြော် ၊ ပဲယို ၊ နှမ်းယို ၊ စားသောက်ကုန်လုပ်ငန်း ၊ သနပ်ခါး ၊ ဆန်စက် ၊ ဆီလုပ်ငန်း ၊ ဝိုင် ၊ အုန်းလက်မှုထုတ်ကုန်ပစ္စည်း ၊ လက်ဖက်စို/ လက်ဖက်ခြောက် ၊ နတ်ရေကန်ကော်ဖီနဲ့ မခါနှင့် ညီမများ ဆေးဆိုးရက်ကန်း လုပ်ငန်းစသည့် ထုတ်ကုန်ပစ္စည်းမျိုးစုံကို ပြသရောင်းချတာ ဖြစ်ပါတယ်။ အဓိက ပြောချင်တာကတော့ (MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံတော်ကလည်း အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို (MSMEs) ကဏ္ဍ အောင်မြင် ဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံတော်ရဲ့ စီးပွားရေး ၊ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ (GDP)ကို ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် (MSMEs)ကဏ္ဍမှာ ပါဝင်တဲ့ လုပ်ငန်းရှင်တွေကလည်း ကိုယ်ရဲ့ ထုတ်လုပ်မှုပစ္စည်းတွေကို အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ပြီး ဈေးကွက်စီးပွားရေး ချိတ်ဆက်မှုတွေကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်သွားကြ ဖို့ အကြံပြု တိုက်တွန်းပြောကြားလိုပါတယ်။ ဒါ့အပြင် (MSMEs)ကဏ္ဍတွေရဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာဌာနတွေရော၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရော၊ လုပ်ငန်းရှင်တွေရော အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် မကွေးတိုင်းဒေသကြီးအတွက် (MSMEs)ကဏ္ဍက အတိုင်းထက်အလွန် ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ခင်ဗျ။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်း စီးပွားဖြစ် ဆောင်ရွက်လုပ်ကိုင်နေသည့် "မခါနှင့် ညီမများ သဘာဝဆေးဆိုးရက်ကန်းလုပ်ငန်း (MSMEs)မှ လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ဆက်ပေးချင်ပါတယ်။    

မေး- အစ်မရဲ့ အမည်နဲ့ နေရပ်လိပ်စာလေး သိပါရစေခင်ဗျ။

ဖြေ- အစ်မရဲ့ အမည်က ဒေါ်တင်ဌေး ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုင်းကလေးကျေးရွာမှာ နေထိုင်ပါတယ်ရှင့်။ အစ်မရဲ့ လုပ်ငန်းကတော့ "မခါနှင့် ညီမများ သဘာဝဆိုး ဆေးရက်ကန်း လုပ်ငန်း"ကို ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မေး- အစ်မရဲ့ "မခါနှင့် ညီမများ သဘာဝဆိုးဆေးရက်ကန်းလုပ်ငန်း"ကို စတင်လုပ်ကိုင်ဖြစ်တဲ့အကြောင်း လေး သိပါရစေ။

ဖြေ- ဟုတ်ကဲ့ရှင့် "မခါနှင့် ညီမများ သဘာဝဆိုးဆေးရက်ကန်းလုပ်ငန်း"စတင်လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ အမျိုးသမီးတွေ မိသားစုဝင်ငွေရရှိဖို့ရယ်၊ လက်မှုပညာဖြစ်တဲ့ ဒေသလက်မှု ရက်ကန်းစင်လုပ်ငန်းတွေ မပျောက်ကွယ် မတိမ်ကောအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။ 

မေး- အစ်မတို့ သဘာဝဆိုးဆေးရက်ကန်း လက်မှုပညာနဲ့ ရက်လုပ်တဲ့ ချည်ထည်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်အောင် ဘယ်ကနေ ကုန်ကြမ်းတွေကို ရယူဆောင်ရွက်ခဲ့လဲဆိုတာ သိပါရစေခင်ဗျ။

ဖြေ- အစ်မတို့ လုပ်နေတဲ့ ချည်နဲ့ ပတ်သက်ပြီးတော့ ကျေးရွာမှာ ကိုယ်တိုင် ဝါစိုက်ပြီးတော့ ရရှိလာတဲ့ ဝါတွေကို ကြိတ်ရပါတယ်။ ပြီးရင် ကြိတ်ထားပြီးတဲ့ ဝါတွေကို လက်ငင်ချည်ရစ်တဲ့လုပ်ငန်းကို ဆောင်ရွက်ပါတယ်။ အဲဒါပြီးတော့ စက်ချည်ကို သုံးရတဲ့အချိန်မှာ မန္တလေးမြို့က CYD ချည်စက်က ချည်ကုန်ကြမ်းကို ဝယ်ယူရပါတယ်။ ဒါ့အပြင် တစ်ခြားနိုင်ငံတွေက တင်သွင်းတဲ့ ချည်အမျိုးအစားတွေ ဖြစ်တဲ့ နှစ်(၈၀) ၊ နှစ်(၁၀၀) စတဲ့ ချည်တွေကိုလည်း မန္တလေးမြို့မှ ဝယ်ယူရပါတယ်ရှင့်။

မေး- လက်ရှိ ဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ ချည်ထည်တွေဖြစ်တဲ့ ခြုံစောင် ၊ ခြုံပုဝါ ၊ ကျား/မ အဝတ်အထည်တွေစသဖြင့် ကုန်ချောအဆင့် ရရှိအောင် ဆောင်ရွက်ရတဲ့အခြေအနေလေး သိပါရစေ ခင်ဗျ။

ဖြေ- ကုန်ချောအဆင့်ထိ ရရှိအောင် အရင်ဆုံး ကုန်ကြမ်းဖြစ်တဲ့ဝါကို ဝါကြိတ်စက်နဲ့ စပြီး ကြိတ်ရ ပါတယ်၊ ကြိတ်ပြီးတဲ့ ဝါဖက်တွေကို ဗိုင်းငင်စက်နဲ့ လက်ငင်ချည်ရအောင် ချည်ငင်ရပါတယ်။ စက်ချည်ကိုသုံးဖို့အတွက်ဆိုရင် မန္တလေးမြို့က CYD ချည်စက်က ဝယ်ယူပြီး လုပ်ကိုင်ပါတယ်။ အဲဒီလို အဆင့်ဆင့်ရရှိတဲ့ ချည်များကို ပထမဆုံး ရေစိမ်ရပါတယ်။ ရေစိမ်ပြီးရင် ချည်များကို ဆေးဆိုးရပါတယ်၊ ဆေးဆိုးပြီးသွားရင် ချည်စာကော်တင်ခြင်းကို လုပ်ရပါတယ်။ အဲလိုလုပ်ပြီးရင် တညင်းလုံး လုံးရပါတယ် ၊ တညင်းလုံးပြီးတာနဲ့ ချပုတ် ၊ ချပုတ်ပြီးတာနဲ့ လိပ်တုံးပတ် ၊ လိပ်တုံးပတ်ပြီးတာနဲ့ ရက်ကန်းစင် ပေါ်တင်ပြီး ကော်စီကော်ရက်သွားချ ရပါတယ်။ အဲဒါပြီးမှ ရက်ကန်းခတ်တဲ့အဆင့်ကို လုပ်ဆောင်ရပါ တယ်။ ရက်ကန်းစင်က ထွက်ရှိလာတဲ့ ပိတ်စတွေ ၊ ပုဝါတွေကိုလည်း ချည်စာပေါ် ကော်တင်ထားတဲ့ အတွက် ကြမ်းတယ် ။ အဲလို ပိတ်တွေ ၊ ပုဝါတွေက ကြမ်းတဲ့ အတွက် ဒေသမှာပဲ ရေလျှော် ၊ မီးပူတိုက် လုပ်ဆောင်ဖို့ လျှပ်စစ်မီး မရရှိသေးတာကြောင့် ချည်ချောဖြစ်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး ၊ ဝမ်းတွင်းမြို့နယ်အထိ ပို့ဆောင်ပြီး ရေလျှော်တာတွေ၊ ကြိတ်တာတွေကို အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။ အဲဒီကတစ်ဆင့် ရရှိလာတဲ့ ပိတ်တွေ ၊ ပုဝါတွေကို ကုန်ချောအဆင့်နဲ့ ဈေးကွက်ကို ဖြန့်ဖြူးရောင်းချတာ ဖြစ်ပါတယ်။

မေး- အစ်မတို့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်ရာမှာ တစ်နေ့ကို ကုန်ချောချည်ထည် ဘယ်လောက်အထိ ထုတ်လုပ်နိုင်ပါလဲ သိပါရစေခင်ဗျ။

ဖြေ- တစ်နေ့ကို ပျမ်းမျှအနေနဲ့ လူတစ်ယောက် ရက်ကန်းရက်လုပ်လို့ရရှိတဲ့ ပမာဏက ပုဝါဆိုရင် (၃) ထည်ခန့်နဲ့ ပိတ်အုပ်ဆိုရင် (၅)ကိုက်ခွဲအထိ ထွက်ရှိပါတယ်။

မေး- ရက်ကန်းရက်လို့ ရရှိလာတဲ့ ချည်ထည်ကုန်ချောပစ္စည်းတွေကို (MSMEs) ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတွေမှာ ဖြန့်ဖြူးရောင်းချတဲ့အပြင် တစ်ခြားဘယ်ဒေသတွေအထိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လဲဆိုတာ သိပါရစေခင်ဗျ။

ဖြေ- အစ်မတို့ ဒေသက ထွက်ရှိတဲ့ ချည်ထည်ကုန်ချောပစ္စည်းတွေကို (MSMEs) ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတွေမှာ ရောင်းချတဲ့အပြင် အွန်လိုင်းကတစ်ဆင့်လည်း ဖြန့်ဖြူးရောင်းချပါတယ်။ အွန်လိုင်းကတစ်ဆင့် ရောင်းချတာဖြစ်လို့ နေရာဒေသတွေ တော်တော်များများကို ရောင်းချပေးနိုင်ပါတယ်။ အွန်လိုင်းကတစ်ဆင့် ဝယ်ယူအားပေးကြသူတွကိုလည်း ကားဂိတ်တွေကို ပို့ဆောင်ပြီး အဆင်ပြေအောင် ရောင်းချပေးပါတယ်။ အဓိက ပို့ဆောင်ရောင်းချပေးရတဲ့ မြို့တွေကတော့ ရန်ကုန်နဲ့ မန္တလေးမြို့က ဒီဇိုင်နာလုပ်ငန်းရှင်တွေက ဝယ်ယူမှု များပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဆီက ထွက်ရှိတဲ့ ပိတ်အုပ် ၊ ပိတ်စတွေဟာ ကိုက်ထိုး ၊ ကိုက်ဖြတ် လက်လီရောင်းချတဲ့သူတွေအတွက် အဆင်မပြေဘူးပေါ့။ ဒီဇိုင်နာလုပ်ငန်းရှင်တွေအတွက်ကတော့ ကျွန်မတို့ဆီက ဝယ်ယူတဲ့ ပိတ်အုပ် ၊ ပိတ်စတွေကို ဒီဇိုင်းအသစ်ပုံဖော်ပြီး ချုပ်ရောင်းတာဖြစ်လို့ အဆင်ပြေကြတယ်။

မေး- အစ်မတို့ရဲ့ ရက်ကန်းရက်လုပ်ငန်းမှာ လုပ်သားအင်အား ဘယ်လောက်အထိရှိပါသလဲ ၊ လုပ်အားခအနေနဲ့ လုပ်သားတစ်ဦးကို ဘယ်လောက်အထိ ရရှိလဲ သိပါရစေခင်ဗျ။

ဖြေ- အစ်မတို့ "မခါနှင့် ညီမများ သဘာဝဆိုးဆေးရက်ကန်းလုပ်ငန်း"ကို ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီလကစပြီး လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းစပြီး လုပ်တုန်းကတော့ ရက်ကန်းရက်အလုပ်သမား ၇ ဦးနဲ့ လည်ပတ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုတော့ အစ်မတို့ဆီက ရက်ကန်းရက်ပညာကို စနစ်တကျ သင်ကြားပေးခဲ့လို့ အမျိုးသမီးဦးရေ ၆၀ လောက်အထိ ရက်ကန်းရက်ပညာကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်တတ်နေပြီ ဖြစ်ပါတယ်။ အစ်မတို့က ဒီလုပ်ငန်းကို ကိုယ့်အတွက်ရယ် မဟုတ်ပဲ ဒေသခံပြည်သူတွေအပြင် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ရက်ကန်းရက်ပညာ စိတ်ဝင်စားတဲ့သူတိုင်းကို သင်ကြားပေးတာဖြစ်လို့ မိသားစုဝင်ငွေအပြင် အသက်မွေးဝမ်းကျောင်းပညာကိုပါ ရရှိစေတာ ဖြစ်ပါတယ်။ ရက်ကန်းရက် သင်တန်းကိုလည်း ပို့ချသင်ကြားပေးနေပါတယ်။ လုပ်အားခအနေနဲ့ကတော့ လစာအနေနဲ့ ပေးတာမဟုတ်ပဲ အထည်ပြတ် အနေနဲ့ ပေးတာဖြစ်လို့ လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

မေး- အထည်ပြတ်ဆိုတာကော ဈေးဘယ်လိုသတ်မှတ်ပေးပါလဲခင်ဗျ။

ဖြေ-  အထည်ပြတ်ဆိုတာကတော့ ပုဝါ(၁)ထည် ရက်ကန်းရက်ခကို ငွေကျပ် ၂၀၀၀ ၊ ပိတ်အုပ်(၁)အုပ်ကို အနည်းဆုံး ငွေကျပ် ၈၅၀၀ မှ ၁၀၀၀၀ အထိ ပေးပါတယ်။ တစ်နေ့ကို လူတစ်ယောက် လုပ်အားခအနေနဲ့ဆိုရင် ပုံမှန်အတိုင်း လုပ်ကိုင်တဲ့သူက အနည်းဆုံး ငွေကျပ် ၆၀၀၀ လောက်ရရှိပါတယ်၊ ဇွဲရှိရှိနဲ့ ကြိုးစားလုပ်တဲ့သူဆိုရင် အနည်းဆုံး ငွေကျပ် ၈၅၀၀ မှ ၁၀၀၀၀ အထိ ရရှိပါတယ်ရှင့်။

မေး- ချည်ထည်တွေ ရက်လုပ်တဲ့နေရာမှာ နည်းပညာနဲ့ ဒီဇိုင်းပိုင်းကို ဘယ်လိုတွေ ရရှိအောင် လုပ်ဆောင်ခဲ့လဲဆိုတာ သိပါရစေခင်ဗျ။

ဖြေ- ရက်ကန်းချည်ထည်တွေ ရက်လုပ်တဲ့နေရာမှာ နည်းပညာနဲ့ ဒီဇိုင်းပိုင်းကိုတော့ ဒေသမှာရှိတဲ့ ပြည်သူတွေ အကြိုက်များတဲ့ ချုပ်နည်း ၊ ချုပ်ဟန်တွေကို လေ့လာပါတယ်။ ဒါ့အပြင် မကွေးမြို့နဲ့ မန္တလေးမြို့က ချုပ်ပုံကောင်းမွန်ပြီး ဈေးသက်သာတဲ့  စက်ချုပ်ဆိုင်တွေကို စုံစမ်းပြီး ချည်ထည်တွေကို ချုပ်ပြီးတော့ ရောင်းချနေပါတယ်။ နောက်နှစ်တွေမှာတော့ အစ်မတို့ ကျေးရွာမှာပဲ အမျိုးသမီးတွေကို စက်ချုပ်နည်းပညာမွမ်းမံသင်တန်းတွေ ဖွင့်လှစ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ချုပ်လုပ်ပြီး ရောင်းချနိုင်အောင် ကြိုးစားလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်ရှင့်။

မေး- ယခုလို နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို နိုင်ငံတော်အစိုးရကရော ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နည်အစိုးရအဖွဲ့တွေကရော (MSMEs)လုပ်ငန်းတွေကို အားပေးမြှင့်တင်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်၊ ဒါ့ကြောင့် အစ်မတို့ စီးပွားဖြစ် လုပ်ကိုင်နေတဲ့ "မခါနှင့် ညီမများ ဆေးဆိုးရက်ကန်းလုပ်ငန်း"အတွက်ကိုရော ဘယ်လောက်အထိ ပံ့ပိုးကူညီမှုတွေ ရရှိလဲဆိုတာ သိပါရစေခင်ဗျ။

ဖြေ- (MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးမှုအနေနဲ့ဆိုရင် အစ်မတို့ရဲ့ "မခါနှင့် ညီမများ ဆေးဆိုးရက်ကန်းလုပ်ငန်း"ကို နည်းပညာပိုင်းရော ၊ စက်ချုပ်ပညာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးပါတယ်။ ဒါ့အပြင် ဒေသအမျိုးသမီးတွေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ရက်ကန်းစင်တွေ ထောက်ပံ့ပေးပြီး ရက်ကန်းရက်ပညာ သင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ နောက်ပြီး ခုလိုမျိုး (MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့ ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်တွေကို ခေါ်ယူပြီးတော့ ဒေသထွက်ကုန်ပစ္စည်းတွေ ရောင်းချနိုင်အောင် ကူညီပံ့ပိုးပေးပါတယ်။ အဒီလို ပံ့ပိုးကူညီပေးတဲ့အတွက်ကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူများကို ကျေးဇူးတင်ပါတယ်ရှင့်။

မေး- (MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘာတွေဖြည့်စွက်ပြောချင်သေးလဲခင်ဗျ။

ဖြေ- (MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် မိဘပြည်သူတွေ ညီအစ်ကို မောင်နှစ်မတွေကို ပြည်တွင်းဖြစ် ဒေသထွက်ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးကြစေချင်တယ်။ ပြည်တွင်းဖြစ် ဒေသထွက်ကုန်တွေဟာဆိုရင် နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ထုတ်လုပ်မှုဒီဇိုင်းပုံစံတွေလည်း ပိုမိုကောင်းမွန်လာနေပြီဖြစ်ပါတယ်။ အစ်မတို့ ဖြန့်ဖြူး ရောင်းချပေးနေတဲ့ သဘာဝဆိုးဆေးရက်ကန်းချည်ထည်တွေကို ဝယ်ယူဝတ်ဆင်မယ်ဆိုရင်လည်း အပူချိန်ကို လျှော့ချပေး တာဖြစ်လို့ ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုသလို ဝတ်ဆင်တဲ့အခါမှာလည်း အေးလဲအေးမြ စေပါတယ်။ အစ်မတို့ရဲ့ ဒေသထွက်ကုန် ချည်ထည်ပစ္စည်းတွေကို ပြည်သူများအနေဖြင့် များများဝယ်ယူအားပေးခြင်းဖြင့် တိုင်းဒေသကြီးအတွင်းက (MSMEs)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်နေပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီးတော့ မိသားစုဝင်ငွေတိုးပွားစေမှာဖြစ်လို့ မိမိနိုင်ငံနဲ့ မိမိလူမျိုးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေမှာ ဖြစ်ပါတယ်ရှင့်။

လူတိုင်းအတွက် ကျန်းမာဖွံ့ဖြိုးစေရေး မြန်မာ့ရိုးရာယဉ်ကျေးမှု အဝတ်အထည်များကို တန်ဖိုးထား ဝယ်ယူဝတ်ဆင်ခြင်းဖြင့် ဒေသတစ်ခု ၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကာ ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းများမှာလည်း နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ဈေးကွက်တွင် အဆင့်အတန်းမီသော ဒီဇိုင်းပုံစံမျိုးစုံဖြင့် လူသုံးကုန်အဝတ်အထည်များကို ချုပ်လုပ်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဖော်ဆောင်နေသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  လူကြိုက်များသော ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်သော မြန်မာ့ရိုးရာ ချည်ထည်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုင်းကလေးကျေးရွာမှ "မခါနှင့် ညီမများ သဘာဝဆေးဆိုးရက်ကန်းလုပ်ငန်း"အကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

တွေ့ဆုံမေးမြန်းသူ     - ဦးမျိုးမောင်မောင်ကျော်(လက်ထောက်ညွှန်ကြားရေးမှူး ၊ ပြန်/ဆက်)

သတင်း/ဓာတ်ပုံ         - လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )