စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားသုံးဆီနှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စားသုံးဆီ/စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့် စက်သုံးဆီဈေးနှုန်းများ မှန်ကန် တည်ငြိမ်စေရေး၊ ဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးအတွက် ယခုလိုညှိနှိုင်းအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လက်ရှိရောင်းဝယ်ဖြန့်ဖြူးရေးအပိုင်းတွင် အခက်အခဲရှိသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအနေဖြင့် ဆန်၊ ဆီ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက်များ ဖူလုံပိုလျှံနေပြီး အခြေခံစားသောက်ကုန်များ ဖြစ်သည့် စားသုံးဆီနှင့် စက်သုံးဆီများမှာ အရေးကြီးကုန်စည်များ၍ စားသုံးဆီ၊ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီအား တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ တင်သွင်းစေခြင်း၊ ကမ္ဘာ့ဈေးနှုန်းဖြစ် ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက် သည့် ဈေးနှုန်းဖြစ်စေရေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ၊ ငွေလဲနှုန်းများပါမကျန် စနစ်တကျ ထည့်သွင်းတွက်ချက်ပြီး အခြေခံရည်ညွှန်းဈေးများ ထုတ်ပြန်ကာ တိုင်း‌ဒေသကြီး/ ပြည်နယ်မြို့များအလိုက် ‌ဒေသ အရောက် အရင်းဈေးနှုန်းများထုတ်ပြန်ပေးပြီး သင့်တင့်သည့် အမြတ်ရာခိုင်နှုန်း သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် စားသုံးသူ များအား အရေအတွက်၊ အရည်အသွေး၊ ဈေးနှုန်းမှန်မှန် ကန်ကန်ရောင်းချပေးသွားကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများ ကလည်း အမြဲမပြတ် ကြီးကြပ်ကွပ်ကဲပေးရန်နှင့် လိုအပ်ချက်များအား ကူညီပေါင်းစပ် ပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်မှ စက်သုံးဆီရောင်းချမှု အခြေအနေများအားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်ပြီး စားသုံးဆီ/စက်သုံးဆီရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းအခြေအနေများနှင့် စားသုံးဆီ/စက်သုံးဆီများ သယ်ယူမှု၊ ထုတ်လုပ်မှု၊ ရောင်းချနေမှုများနှင့် ခွဲဝေရရှိမှု အခြေ အနေများအား အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက စားသုံးဆီ/စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)