တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် " သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ "  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၁၃

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ မွန်းလွဲပိုင်းက စာရေးဆရာ မိုးရှင်း(I.M.T) ရေးသားသည့် သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များ ဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းကို ကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆင်တစ်ကောင်က ပေးတဲ့ဘဝသင်ခန်းစာ”၊ “ပစ္စုပ္ပန်မှာနေထိုင်ပါ”၊ “မြည်းကလေးကိုအတုယုပါ”၊ “အာလူးရယ်၊ ကြက်ဉရယ်၊ ကော်ဖီစေ့ရယ်”၊ စိတ်ညစ်စရာတစ်ခုကို “ထပ်ခါထပ်ခါမစဉ်းစားပါနဲ့” စသည့်  စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး  မိမိတို့ နားလည် သဘောပေါက်သည်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာရေးဆရာများဖြစ်ကြသည့်  ဦးအောင်သက် (တောင်တွင်းအောင်သက်ဦး)နှင့်မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူ ဖြစ်စေပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကိုရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြပြီး စာဖတ်ဝိုင်းသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း (Grade-8)မှ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၃၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)