စစ်ကိုင်းမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား

စစ်ကိုင်း အောက်တိုဘာ ၂၃

စစ်ကိုင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန် ထမ်းဆောင် ကြမည့်သူများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပါရဂူခန်းမ၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်ကို သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲထွဋ် က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မိုးမြင့်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးမျိုးကျော်အောင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်၊ ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန်အချက်အလက်များ၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းဆိုင်ရာ တစ်ရက်တာ သင်တန်း သင်တန်းပို့ချသူများအတွက် လမ်းညွှန်ချက်ပါ အကြောင်းအရာများကိုလည်းကောင်း၊  ပြည်သူများဆန္ဒမဲ ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် ပရိုဂျက်တာဖြင့်ပြသသင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းတွင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း (၄၃၆) ဦးတို့အား အဖွဲ့ (၅) ဖွဲ့ခွဲကာ အောက်တိုဘာ (၂၂) ရက်မှ (၂၆) ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်)