ဖြူး နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် လူငယ့်အားမာန် အခြေခံပညာအလယ်တန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်ကစတင်ကာ ကျောင်းသား/ကျောင်းသူ လူငယ်များအား လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သပြေလှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက် အမျိုးအစားများ၊ စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သည့် စာအုပ်အမျိုးအစားများအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က အားကစားနှင့်လူငယ်ရေးရာအသိပညာပေးခြင်းအနေဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ပပလင်းတို့က ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများစားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အလားတူ လူငယ့်အားမာန် အခြေခံပညာအလယ်တန်းလွန်ကျောင်းတွင်လည်း အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး၊ အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်ပြဘုတ်များကို ပြသပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)