ဘားအံ နိုဝင်ဘာ ၁၃
ဘားအံမြို့နယ်အတွင်းရှိ မသန်စွမ်းအမျိုးအစားအလိုက် မှတ်ပုံတင်ရရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ယနေ့ နံနက် (၁၀)နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘားအံ မြို့နယ်အတွင်းရှိ မသန်စွမ်းသူများ တက်ရောက်ကြ၍ ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မသန်စွမ်းမှတ်ပုံတင်ရရှိလာသည့်သူများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက် ရှိရာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၌ တစ်ကြိမ်၊ ၂၀၂၃ခုနှစ်၊ မတ်လတွင် တစ်ကြိမ်နှင့် ယခုထပ်မံ၍ မသန်စွမ်းမှတ်ပုံတင် ထပ်မံရရှိလာသော (၃၅၁)ဦးအတွက် တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်းဖြင့် ကျပ်တစ်ရာငါးသိန်းသုံးသောင်း (၁၀၅၃၀၀၀ဝိ/-)ကို လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများမှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ အားလုံး စွမ်းဆောင် ရည်မြင့်မားရေး တူညီမျှတသည့် အခွင့်အလမ်းများ ခံစားရရှိရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုအဖြစ် ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ အပြေးပြိုင်ပွဲ၊ ဘောလုံးပစ်၊ ဘိုရိမ်းပစ် အားကစားနည်းများအား ယှဉ်ပြိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့နယ်အတွင်းရှိ မသန်စွမ်းမှတ်ပုံတင် ထပ်မံရရှိသူ (၃၅၁)ဦး အတွက် မှတ်ပုံတင်နှင့် ထောက်ပံ့ငွေကျပ် တစ်ရာငါးသိန်းသုံး သောင်း(၁၀၅၃၀၀၀ဝိ/-)အား ဘားအံခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ အခမ်းအနားသို့ တက်ရောက်လာသည့် မသန်စွမ်းသူများကို မသန်စွမ်းမှတ်ပုံတင်၊ ထောက်ပံ့ငွေနှင့် အားဖြည့်အချိုရည်များအား လက်ရောက် ပေးအပ်ခဲ့သည်။အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များသည် မသန်စွမ်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(ကရင်ပြည်နယ်၊ မြို့နယ်ဦးစီးမှူးရုံး)မှ မသန်စွမ်းသူများအား Biometric အချက်အလက်ဖြည့်သွင်း၍ UID ကတ်များ ပြုလုပ်ပေးနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)