ပွင့်ဖြူ နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မကြီးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများအဖွဲ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ မကြီးကုန်းကျေးရွာ၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုထည့် ဝင်ငွေကျပ် ၃ ဒသမ ၁၈ သန်း၊ စုစုပေါင်းရန်ပုံငွေကျပ် ၁၈ ဒသမ ၁၈ သန်းအသုံးပြု၍ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပြီးစီးသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအား ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ကျေးရွာကော်မတီဝင်များနှင့် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအရှည်ပေ ၇၅၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်၊ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယခုအခါ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာနေပြည်သူများအတွက် ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)