ပေါင်းတည်၌ အခြေခံပညာမူလတန်းဆင့် Grade -5 စာမေးပွဲ လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပေါင်းတည် နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပညာမူလတန်းဆင့် Grade-5 စာမေးပွဲ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အ.ထ.က(ပေါင်းတည်) ပညာရတနာ ခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မြင့်က ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာမေးပွဲလုပ်ငန်းများနှင့်ပတ်သက်၍ အလေးထား ဆွေးနွေးနိုင်ရေးတို့ကို မှာကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဇော်ဝင်းက ကျောင်းကိုယ်စားပြု တက်ရောက်လာသူဆရာ ဆရာမများအနေဖြင့်  ဆွေးနွေးချက်များအား မိမိတို့ကျောင်း၌ ပြန်လည်ပို့ချနိုင်ရေးအတွက် ကြိုးစားအားထုတ်မှတ်သားကြစေလိုကြောင်း မှာကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာကြီး ဦးသန်းလှိုင်က သင်တန်းဆိုင်ရာ လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မူလတန်းပြ ဆရာ၊ ဆရာမ ၁၆၉ ဦး တက်ရောက်ကြကာ ဆရာကိုင်၊ ကျောင်းသားကိုင်စာအုပ်များ၊ CET (ပထမအကြိမ်)နှင့် အောက်တိုဘာ (ပထမနှစ်ဝက်) မေးခွန်းများ အပါအဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ၂ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရကြီး (ပြန်/ဆက်)