ပုသိမ် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဒေါင့်မဒေါ့ကျေးရွာအုပ်စု၊ တောင်သူ ဦးမြင့်သိန်း၏ ပျဥ်းကတိုး၊ ကျွန်း၊ ယူကလစ်၊ မဟော်ဂနီ၊ ပြည်လုံးချမ်းသာ၊ မန်ဂျန်ရှား နှစ်ရှည်ပင် သစ်တောစိုက်ခင်း (၁၂)ဧက ကြားတွင် ကော်ဖီသီးနှံ သီးညှပ် စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်သိန်း၏ လယ်မြေ (၂)ဧကတွင် ကျင်းပပြုလုပ်သည့် နယူးဧရာ(၁) မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်အားပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေမှ နယူးဧရာ(၁)မျိုးစပါး (၁)ဧကလျှင် စပါးအခြောက် (၁၀၅.၄)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါလယ်မြေတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးဧက(၅၂)သိန်းကျော်ရှိပြီး စပါးတင်းသိန်းပေါင်း လေးထောင်ကျော် ထွက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါကြောင်း၊ ယခုနှစ်သည် နွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ ထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်ရန် ပိုက်ဆံလျှော်မျို့စေ့များ ထောက်ပံ့ပေးအပ်ထားပါကြောင်း၊ တောင်သူများမှ အုပ်စုအလိုက်၊ ကွင်းအလိုက် စုဖွဲ့၍ မျိုးစေ့ထုတ်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ မြေဆီလွှာ ပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်း စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများကုန်ကျစရိတ်များ သက်သာစေရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီ အပြည့်အဝ ဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံ နေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများ သုံးစွဲစေရေး၊ စနစ်တကျ စိုက်ပျိုးစေရေးကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် များစွာ အထောက်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ပျားမွေးမြူရေးလုပ်ငန်းမှလည်း ပျားရည်ရရှိ၍ တောင်သူများအတွက် ဝင်ငွေများရရှိမှာ ဖြစ်ကြောင်း၊ တောင်သူကြီးများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။ ထို့နောက် မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီ မျိုးစေ့တာဝန်ခံက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာမြေအား ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တောင်သူ ဦးမြင့်သိန်းမှ သဘာဝမြေသြဇာနှင့် ဓာတ်မြေဩဇာ အသုံးပြုနည်းလမ်းများအားလည်းကောင်း ဒေသခံတောင်သူများအား အသိပညာပေးဆွေးနွနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားအားရုတ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းသုံးဆင့်ကျေးရွာ ကျောင်းတိုက်ဆရာတော် ဥူးပညိန္ဒအား သွားရောက်ဖူးမြှော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)