ပုသိမ်မြို့နယ် သရက်ကုန်းကျေးရွာ၊ ရတနာပျိုးခင်းစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

ပုသိမ် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အနန်းကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ရတနာ ပျိုးခင်းစာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

စာကြည့်တိုက်အဆောက်အအုံသစ်ကို သာသနာ့ဓဇဓမ္မာစရိယ ဆရာတော်ဦးဇနိန္ဒနှင့် ဧရာဝတီတိုင်း ဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် သီရိမင်္ဂလာရာမကျောင်းတိုက် သာသနာ့ဓဇဓမ္မာစရိယ ဆရာတော်ဦးဇနိန္ဒက ဩဝါဒအမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်က စံညီစာကြည့်တိုက်များအကြောင်း ရှင်းလင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က စာကြည့်တိုက်များ ရေရည်တည်တံ့ ခိုင်မြဲရေးအကြောင်းကို လည်းကောင်း၊ ပုသိမ်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်းမြင့်က စာပေဖတ်ရှုရခြင်း အကျိုးကျေးဇူးများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရတနာပျိုးခင်း စာကြည့်တိုက်သို့ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်က ငွေကျပ်(၂၀၀၀၀၀/-)နှင့် သုတ၊ ရသစာအုပ် (၂၀၀)အုပ်ကို လှူဒါန်းခဲ့ပြီး ကျေးရွာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးလှခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ရတနာပျိုးခင်းစာကြည့်တိုက်သည် အလျား ၂၄× အနံ ၁၅ သွပ်မိုးတစ်ထပ်တိုက် RC အဆောက်အဦဖြစ်ပြီး အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် (၁၅၈)သိန်း ကုန်ကျခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်