ဖျာပုံမြို့ အမှတ် (၇)ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

ဖျာပုံ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၇) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။

ထိုသို့ ရောင်းချပေးရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများ၊ အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖျာပုံမြို့ အမှတ် (၇) ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံ စားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်ဥ (၁)လုံးလျှင် (၂၅၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကန်ဇွန်းရွက်၊ ချဥ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံ ရောင်းချပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသော စျေးနှုန်းဖြင့် တစ်ပတ်လျှင်၊ တစ်ကြိမ်၊ တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)